Vertical Angle နှင့် Horizontal Distance ဆက်စပ်မှု

Vertical Angle နှင့် Horizontal Distance ဆက်စပ်မှု


          Total Station တစ်လုံးကို Error စစ်ကြတဲ့အခါ Horizontal Angle,Vertical Angle Error ဘယ်လောက်ရှိတယ်ဆိုတာ စစ်ကြပါတယ် ။ Horizontal Angle မှာ Error များနေရင် Horizontal Distance Error တက်နိုင်တယ် ၊ Vertical Angle မှာ Error များနေရင် Vertical Distance Error တက်နိုင်တယ်ဆိုပြီး အလွယ်မှတ်ကြတာ များပါတယ် ။ Horizontal Angle,Vertical Angle တွေဟာ ဘယ်လိုသက်ရောက်နိုင်ကြလဲ ၊ Total Station တစ်လုံးကို ဘယ်လို သီအိုရီတွေနဲ့ တီထွင်ထားသလဲဆိုတာကို ဥာဏ်မှီသလောက် တွေးကြည့်ကြရအောင် ။

          Total Station တစ်လုံးအကြောင်း ပြောမယ်ဆိုရင်တော့ Theodolite အကြောင်းကနေ စရပါလိမ့်မယ် ။ Survey ပညာရပ်မှာ အရေးအကြီးဆုံးအရာကတော့ Angle,Distance ပါပဲ ။ Angle,Distance ကိုသာ တိုင်းတာလို့ရမယ်ဆိုရင် သင်္ချာသီအိုရီတွေနဲ့ ပြန်တွက်ချက်ပြီး မိမိတိုင်းတာလိုသမျှကို တိုင်းတာလို့ရပါတယ် ။ Theodolite တစ်လုံးကတော့ Angle တိုင်းတဲ့ကိရိယာပါပဲ ၊ Distance ကိုလိုချင်တဲ့အခါ ပေတံထောင်ပြီးတော့ Stadia Method နဲ့ တိုင်းတာခြင်းဖြင့် အကွာအဝေးကို သိနိုင်ပါတယ် ။ သို့သော်လည်း တိကျမှုနည်းပါတယ် ။ (ယနေ့ခေတ် စက်ပစ္စည်းများဖြင့် နှိုင်းယှဉ်သောကြောင့်သာ တိကျမှုအားနည်းခြင်း ဖြစ်ပါတယ် ။ သူ့ခေတ်နဲ့သူတော့ တိကျခဲ့ပြီးတော့ အဲ့ခေတ်ကလဲ ယခုထက် Error ပိုပေးသောကြောင့်သာ ဖြစ်ပါတယ်။) Stadia Method နဲ့ မတိုင်းဘူးဆိုရင်တော့ ချိန်းကြိုး ကို အသုံးပြု၍သော်လည်းကောင်း ပေကြိုးဆွဲ၍သော်လည်းကောင်း တိုင်းတာကြပါတယ် ။ အထက်ပါနည်းလမ်းများဖြင့် ရရှိလာသော အကွာအဝေးနှင့် Theodolite နှင့် တိုင်းတာ၍ ရလာသော Angle နှစ်ခုတို့အပေါ် အခြေခံ၍ ပြန်လည်တွက်ချက်ကြခြင်း ဖြစ်ပါတယ် ။ အရင်ခေတ်တွေတုန်းက Surveyor ဖြစ်ဖို့အတွက် သီအိုရီပိုင်းမှာ ထူးချွန်ဖို့လိုအပ်သလို အတွက်အချက်မှာလဲ ထူးချွန်ကြရပါတယ် ။ 

          နည်းပညာတွေ တိုးတက်လာတဲ့အခါ Angle တိုင်းတာတဲ့ကိရိယာတွေဟာလဲ ပိုမိုတိကျလာကြပြီးတော့ အကွာအဝေး တိုင်းတာတဲ့နေရာမှာလဲ တိကျတဲ့နည်းစနစ်တွေကို စမ်းသပ်ရှာဖွေလာကြပါတယ် ။ လက်တွေ့အသုံးဝင်ပြီးတော့ တိကျမှုကောင်းတဲ့ အကွာအဝေးတိုင်းတဲ့ ကိရိယာကတော့ EDM(Electronic Distance Measurement) ပါပဲ ။ EDM ကို အခြေခံတဲ့ သီအိုရီကတော့ Distance=Velocity x Time Travel ပါပဲ ။ မြန်မာလိုပြောမယ်ဆိုရင်တော့ ပစ်လွှတ်လိုက်တဲ့အလျင်ကို ကြာချိန်နဲ့ မြှောက်လိုက်မယ်ဆိုရင် အကွာအဝေးကို ရပါတယ် ။ လေဆာရောင်ခြည်တစ်ခုကို ပစ်လွှတ်လိုက်ပြီး ပစ်မှတ်ကို ရောက်ရှိသွားတဲ့အခါ အလင်းယိုင်မှုသဘောအရ သိရှိနိုင်ပြီး ပစ်မှတ်ကိုရောက်ရှိရန် ကြာချိန်နဲ့ မြှောက်လိုက်တဲ့အခါ အကွာအဝေးကို အတိအကျ ရလာပါတော့တယ် ။ Distometer တွေဟာလဲ ဒီသဘောတရားကို အခြေခံပြီး တီထွင်ထားတာပါပဲ ။

          အထက်မှာပြောခဲ့သလိုပါပဲ Theodolite ကို Distometer နဲ့ပေါင်းစပ်လိုက်တဲ့အခါ တိကျမှုအားကောင်းတဲ့ ကိရိယာဖြစ်လာပါတော့တယ် ။ Theodolite ကို Distometer နဲ့ ပေါင်းစပ်လိုက်တဲ့အပြင် ကွန်ပျူတာစနစ်ကိုပါ ထပ်မံပေါင်းထည့်လိုက်တဲ့အခါ တိကျ ၊ မြန်ဆန် ၊ လွယ်ကူတဲ့ ကိရိယာတစ်ခု ဖြစ်လာပါတော့တယ် ။ Target ကို ချိန်ပြီး ခလုတ်ကလေး တစ်ချက်နှိပ်လိုက်ရုံနဲ့ Coordinate ကို ရလာနိုင်တဲ့အထိ မြန်ဆန်လာပါတော့တယ် ။ Surveyor အနေနဲ့ တွက်ချက်စရာ လုံးဝနီးပါး မလိုအပ်တော့သလောက်ပါပဲ ။ 

          Distometer နဲ့ အကွာအဝေးတိုင်းတာတဲ့နေရာမှာ အခက်အခဲကတော့ အဖြောင့်အတိုင်းပဲ တိုင်းတာလို့ ရတာပါပဲ ။ Target နဲ့ စက် ရေပြင်ညီ မကျဘူးဆိုရင် Slope Distance ကိုပဲ ရနိုင်ပါတယ် ။ အလျင်နဲ့ ကြာချိန်ပေါ်မူတည်ပြီး တိုင်းတာခြင်း ဖြစ်တဲ့အတွက်ပါ ။ Coordinate Geometry ပညာရပ်မှာတော့ Horizontal Distance ကိုပဲ တွက်ချက်ရပါတယ် ။ EDM နဲ့ တိုင်းခြင်းဖြင့် ရရှိလာတဲ့ Slope Distance ကို Horizontal Distance ဖြစ်ဖို့အတွက် ပြန်လည်တွက်ချက်ရပါတယ် ။ ပိုက်သာဂိုးရပ် သီအိုရီအရ Slope Distance ဟာ ထောင့်မှန်ခံအနားပါပဲ ( ပုံကို ကြည့်ပါ ) ။ Horizontal Distance ကိုရနိုင်ဖို့အတွက် Theodolite ကနေ တိုင်းတာလို့ရလာတဲ့ Vertical Angle တစ်ခုကို ပြန်အသုံးချရပါတယ် ။ 

          ထောင့်မှန်တြိဂံတစ်ခုဖြစ်တဲ့အတွက် ထောင့်တစ်ခုက ကိုးဆယ်ဒီဂရီပါ ။ ထောင့်နှစ်ခုကို သိပြီဆိုရင် ကျန်ထောင့်တစ်ခုရဲ့တန်ဖိုးကိုလဲ သိနိုင်ပါပြီ ။ တြိဂံတစ်ခုရဲ့ အတွင်းထောင့် သုံးခုနဲ့ အနားတစ်ခုရဲ့ အလျားကို သိပြီဆိုရင် Law of Sin ကိုသုံးပြီး ကျန်အနားနှစ်ဖက်ကို အလွယ်တကူ ရှာလို့ ရနိုင်မှာ ဖြစ်ပါတယ် ။ ခေါင်းစဉ်မှာ ပြောထားခဲ့တာကို ပြန်ကောက်ရမယ်ဆိုရင် Vertical Distance ဟာ Horizontal Distance  တိုင်းတာတဲ့နေရာမှာ အရေးအကြီးဆုံး ဖြစ်ပါတယ် ။ ရရှိလာတဲ့ Horizontal Distance နဲ့ မိမိလှည့်လိုက်တဲ့ Horizontal Angle ပေါ်မူတည်ပြီး ပြန်လည်တွက်ချက်မှသာ Coordinate ကို ရတာပါ ။ ခြုံပြီးပြောရမယ်ဆိုရင်တော့ Vertical Angle ဟာ Coordinate မတွက်ခင် Horizantal Distance တိုင်းတာကတည်းက အရေးပါတာဖြစ်ပြီး Horizontal Angle ကတော့ Coordinate တွက်ချက်တဲ့အခါကျမှ အရေးပါလာတာ ဖြစ်ပါတယ် ။ Vertical Angle မှာ Error ရှိနေမယ်ဆိုရင် အကွာအဝေးတိုင်းတာတဲ့အခါ မှားယွင်းမှာဖြစ်ပြီး Coordinate တွက်ချက်တဲ့အခါမှာလဲ အဆိုပါ အမှားပေါ်မူတည်ပြီး တွက်ချက်တာဖြစ်တဲ့အတွက် Coordinate တွေလဲ မှားမှာ ဖြစ်ပါတယ် ။ တိကျမှုလိုအပ်တဲ့ တိုင်းတာမှုတွေမှာ Vertical Angle,Horizontal Angle နှစ်ခုစလုံး အရေးကြီးမှာဖြစ်ပြီး Error ကင်းစင်တဲ့စက်တစ်လုံးဖြစ်ဖို့ အရေးကြီးပါတယ် ။ Vertical Angle မှာ Error များနေပြီဆိုရင်တော့ Service Center ပြန်ပို့လိုက်တာ အကောင်းဆုံး ဖြစ်မှာပါ ။


#HeinThuraKyaw

12.1.2017


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long